International News

စင်ကာပူ - သြစတြေးလျ ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်ကို သြဂုတ် လ ၇ ရက်တွင် လက်မှတ်ရေးထိုး

Last Updated:

စင်ကာပူ-သြစတြေးလျ ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ် (Singapore - Australia Digital Economy Agreement − SADEA) ကို စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီး Chan Chun Sing နှင့် သြစတြေးလျနိုင်ငံ ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့်ရင်းနှီး မြှုပ်နှံမှုဝန်ကြီးဌာနဝန်ကြီး Simon Birmingham တို့က ၇ - ၈ - ၂၀၂၀ ရက်နေ့တွင် video conference ပြုလုပ်၍ အီလက်ထရွန်နစ်နည်းလမ်း ဖြင့် (electronically) လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ SADEA ကို လက်မှတ်ရေးထိုးနိုင်ခြင်းသည် မိမိတို့နှစ်နိုင်ငံအကြား ကာလရှည်ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများ၏ သမိုင်းမှတ်တိုင် တစ်ခုဖြစ်ပါကြောင်း၊ SADEA သည် စင်ကာပူကုမ္ပဏီများက သြစတြေးလျ ကုမ္ပဏီများနှင့် နယ်စပ်ဖြတ်ကျော်စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက် ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမှုရှိပြီး ကုန်ကျစရိတ်သက်သာစေမည့် ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များအား ဒီဂျစ်တယ်အသွင်ကူးပြောင်း ဆောင်ရွက်ရာတွင် ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ ကိုဗစ် ၁၉ ကလည်း လုပ်ငန်းများမှ ဖောက်သည်များသို့ ရောက်ရှိနိုင်မည့် နည်းလမ်းများကို တီထွင်ဆန်းသစ်ဆောင်ရွက်လာကြရန်နှင့် လုပ်ငန်းဆောင်ရွက်မှု ပုံစံသစ်များကို လက်ခံဆောင်ရွက်လာကြရန် တွန်းအားပေးလျက်ရှိသည့်အတွက် SADEA သည် ဒီဂျစ်တယ်စီးပွားရေး၏ အခွင့်အလမ်းများကိုရယူပြီး ဒီဂျစ်တယ်ကုန်စည်နှင့်ဝန်ဆောင်မှုအသစ်များကို ဖန်တီးနိုင်သော နည်းပညာ အသစ်များကို အသုံးပြုလာကြရန် ပံ့ပိုးပေးမည်ဖြစ်ကြောင်း စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး Chan Chun Sing က ပြောကြား ပါသည်။

ဒီဂျစ်တယ်စီးပွားရေးအခွင့်အလမ်းများကို တိုးမြှင့်နိုင်ရန်မှာ SADEA သည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ SADEA နှင့်အတူ ကိုဗစ် ၁၉ ကာလ အတွင်း လုပ်ငန်းများအတွက်အရေးကြီးသော ဒီဂျစ်တယ်ကုန်သွယ်ရေး ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးသွားမည်ဖြစ်ကြောင်း၊ စားသုံးသူများနှင့် လုပ်ငန်းများ၏ ကိုယ်ပိုင်သတင်းအချက်အလက်များကို ကာကွယ်ပေးလျက် မလိုလားအပ်သော ကုန်ကျစရိတ်ကြီးမားသည့် သတ်မှတ်ချက်များ မပြုလုပ်ဘဲ ယုံကြည်စိတ်ချရသော နယ်စပ်ဖြတ် ကျော်သတင်းအချက်အလက်စီးဆင်းမှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါ သည်။

စင်ကာပူနှင့် သြစတြေးလျနိုင်ငံတို့မှ သက်ဆိုင်ရာဌာနများအနေဖြင့် ၂၀၂၀ ခုနှစ်၊ မတ်လတွင် ရေးထိုးခဲ့ကြသော နားလည်မှုစာချွန်လွှာ (၇) ခုမှ လုပ်ငန်းများအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အကျိုးကျေးဇူးနှင့် အခွင့်အလမ်းများရှိမည့် စီမံကိန်းများကို တိတိကျကျသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုစီမံကိန်းများတွင် အမျိုးသားပြတင်းတစ်ပေါက် (National Single Window) စနစ် ချိတ်ဆက်မှု၊ ကုန်စည် တင်သွင်းခြင်းနှင့် တင်ပို့ခြင်းတို့အတွက် အီလက်ထရွန်နစ် သက်သေခံအထောက်အထားလက်မှတ် (E-certification)၊ ဖြန့်ဝေအသုံးပြုနိုင်သော စာရင်းစာအုပ် (Distributed Ledger) နည်းပညာကို အသုံးပြု၍ အီလက်ထရွန်နစ် ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်းများကို မျှဝေခြင်းနှင့် စိစစ်အတည်ပြုခြင်း၊ နယ်စပ်ဖြတ်ကျော်သတင်းအချက် အလက်များကို မျှဝေမည့်စီးမံကိန်းလုပ်ငန်းများ ပါဝင်ကြောင်း ဖော်ပြထားပါသည်။

စင်ကာပူသည် ချီလီ၊ နယူးဇီလန်နိုင်ငံတို့နှင့် ပထမဆုံးဒီဂျစ်တယ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ် (Digital Economy Partnership Agreement − DEPA) ကို ၁၂ - ၆ - ၂၀၂၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သောကြောင့် ယခု SADEA သည် စင်ကာပူနိုင်ငံ၏ ဒုတိယမြောက် ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore

Category: International News